6.11.10

Kye Thee (Thee Lay Thee) - Jokes of Life 4



ကြယ်သီး
ဘိုးတော်ကြယ်သီး၏ ဟောကိန်းကြီး
ကြယ်သီး (သီးလေးသီး)
နိုဝင်ဘာ ၆၊ ၂၀၁၀
ဒီနေ့မှာ ကျနော့် gmail အခိုးခံလိုက်ရပြီး စိတ်ထဲမကောင်းဖြစ်ပြီး ဘာကို စိတ်ဆိုးမှန်းမသိ ဆိုသလိုတောင် ဖြစ်နေမိတယ်...။ account အသစ်တခုပြန်ဖွင့်ဖို့ စဉ်းစားပြန်တော့လည်း ကျနော့် mail ထဲက သူငယ်ချင်းတွေရဲ့ add ပြန်မရနိုင်မမှတ်မိနိုင်တော့  နောက်ပြီး တယောက်ချင်းကိုလည်း ကျနော် ဘာ account ပြောင်းသုံးမယ်ဆိုတာ မပြောထားဘူးတော့ စဉ်းစားနေရင်းပဲ အသစ်တခုထပ်ဖွင့်ဖို့ ဆုံးဖြတ်ပြီး ချက်ချင်းဆိုသလို အကောင်အထည် ဖော်လိုက်ပါတော့တယ်။
အသစ်တခုရပြီးပြီးချင်း သူငယ်ချင်းအရင်းအချာများကို စ လို့ add လိုက်သည်။ (၁) အညာသား (၂) ပဲခူးသား (၃) တွံတေးသားတို့ကို ဘီလူးကျွန်းသားမှ  မိုးလုံးပြည့်    တိုင်ပင်ကြရန်  ထပ်မံလို့ add လိုက်ပါတော့သည်...။
ဒီအချိန်မှာပဲ (တုံ) ဆိုပြီး ဝင်ရောက်လာသူမှာ တွံတေးသား  အမောင် ဇီးသီးပင် ဖြစ်ပါတော့တယ်။
ဝေး ... ကြယ်သီးလား” တဲ့၊
(ရက်စ်) ဆိုတာနဲ့ “တပည့် ...” ဆိုပြီး “ဆရာ ဒီနေ့ချင်းမိုင်ကို ရရာကားနဲ့ လာခဲ့မယ်တဲ့။”
 သူက ကျနော့် mail ပျောက်တာကို သိနေပြီးသားဆိုတော့ ၂၃ ရက်နေ့ ပွဲကပြီးကတည်းက ကျနော်တို့နဲ့ အမျိုးသမီးလူရွင်တော် ကလေးမလေးတွေအတွက်  အနုပညာ အားနည်းချက် အားသာချက် များ၊ ငှားရမ်းထားသော ပစ္စည်းများ အပါအဝင် ကူညီကြသော မိတ်ဆွေအပေါင်းအသင်းများကိုပါ ကျေးဇူးတင်ကြောင်း ဂုဏ်ပြုပြောဆို နှုတ်ဆက်ရန်အတွက်ကြောင့် ကျနော်ရယ်၊ ပန်းသီးရယ်၊ မီးသီး (မြစံပယ်ငုံ) ရယ် နေ နေကြသော ချင်းမိုင်သို့ မဲဆောက်မှ လာရမည်ဖြစ်သည် ... ...။  
အဲ့ဒီနောက် ကျနော်တို့ Gmail ထဲမှ တယောက်နဲ့တယောက် နောက်ကြ ပြောင်ကြ စကြ ရယ်ကြရင်းနဲ့ အမောင် ဇီးသီးမှ      ဝေး ...   ဟုခေါ်ပြီး “ငါ မင်းတို့ဆီလာဖို့ ပစ္စည်းတွေ ထည့်လိုက်ဦးမယ် bye bye …” ဟု ကျနော့်ကို နှုတ်ဆက်ကာ လိုင်းပေါ်မှ ဆင်းသွားသည်.....။
ကျနော်လည်း ကွန်ပြူတာကိုဆက်ဖွင့်ထားပြီး ပွဲတွင် အသုံးပြုခဲ့သော ပစ္စည်းများကိုပြန်စစ်၊ အဝတ်အစားတွေ လျှော်စရာရှိတာ လျှော်၊ မီးပူတိုက်စရာရှိတာတိုက်နှင့် နေလိုက်တာ ညနေ ထမင်းစားချိန်ကိုကျော်လို့ မိုးပင်ချုပ်သွားသည် ...။
ကျနော် ကွန်ပြူတာအရှေသို့ပြန်ရောက်ချိန်မှာ ကျနော့် account အသစ်နဲ့ မှတ်မိသလောက် ပြန် add ထားသော သူငယ်ချင်းများက ကျနော့်ကို ဝိုင်းခေါ်ထားကြ ပြောဆို စနောက်ထားကြနဲ့၊ တချို့ကောင် တွေဆို  “ခေါ်မကြား အော်မကြား ဘယ်သွားနေလဲ နားလေးရဲ့” ဆိုတာတွေနဲ့ပေါ့၊
အဲ့ဒီအချိန်မှာပဲ ကျနော့်ကို နှုတ်ဆက်ထားကြတဲ့ သူငယ်ချင်းတွေကို  ကျနော့်ရဲ့ ဒီနေ့အတွက် မိုးလုံးပြည့် အလုပ်များကို ရှင်းပြရင်း ကျနော် ကွန်ပြူတာပြန်သုံးလိုက်တာ မိုးစင်စင်ချုပ်တဲ့အထိ ရောက်သွားပါတော့တယ်..။ အဲ့ဒီအချိန်မှာ (တုံ) ဆိုပြီး chat ရန်ရောက်ရှိလာသူကတော့ အညာသား အမောင်ပန်းသီးရယ်ပေါ့။
“ဝေး ... ငါ ဇီးသီးကိုသွားကြိုမလို့ လိုက်ဦးမလား …” တဲ့။ ကျနော် အဲ့ဒီတော့မှ အချိန်ကိုလှမ်းကြည့် လိုက်ချိန်မှာ ည (၁၀း၃၀) ပြီးနေပြီ။        “ဝေး ... မလိုက်တော့ဘူး ... ငါ ဦးတော်လုပ်ရတော့မယ်ဆိုပြီး ... ” ဝါတွင်းတတွင်းလုံးက လုပ်ခဲ့တဲ့အရှိန်လေးကို ထပ်မြှင့်ရန်အတွက်  ကျနော့် google talk မှ ဘဘ ဦးတင်မိုးရဲ့ ကဗျာလေးအတိုင်း  “ပရိတ်သံပေးနိုင်မှ စိတ်အတန်အေးမှာမို့ အဓိဌာန်ကလေးတော့ ဝင်ဦးမှပါလား …” ဆိုကာ ကွန်ပြူတာအားအနားပေး ဘုရားစင်အရှေ့သို့သွားရန် … ခြေတွေ လက်တွေ ဆေးကာ ဝင်လိုက်ပါတော့တယ် … ...။
ကျနော် ဘုရားဝတ်ပြုပြီး ဂုဏ်တော်ပုတီးလေး ပြီးလုပြီးခင်မှာပဲ အမောင် ဇီးနှင့် အမောင် ပန်းတို့ဟာ ကျနော့်အိမ်အတွင်းထဲသို့ ရောက်ရှိနေကြပြီး၊  အမောင်ဇီးက ဘုရားရှေ့မှကျနော့်ကို မြင်သွားကာ      “ဝေး ... ... ပန်းသီး ရေ” တဲ့၊ ဟိုတယောက်ကလည်း “ဝေး ...” တဲ့။ “မောင်ကြယ်ကြီး ... ကို လာကြည့်ပါဦး” တဲ့၊ “မြေကြီးနဲ့ တတောင်လောက် လွတ်နေတယ် …” တဲ့လေ ...။
အဲ့ဒီစကားကို အထုတ်အပိုးတွေချရင်း  ဘုရားခန်းထဲက ကျနော့်ကို အဲ့လိုကြီး ပြောကို လှမ်းပြောလိုက်တာ ...။ ဖြစ်ချင်တော့ ကျနော်လည်း သူပြောအပြီး ကျနော့်ပုတီးလည်းအပြီးပဲ၊ ခပ်သွက်သွက်လေး ဦးကုန်းချပြီး ... ကျနော့်မှာ အဲ့ဒီနေ့အတွက် အမျှအတန်းတောင် ပြုံးစိစိနဲ့ ပေးခဲ့ပြီး ဘုရားခန်းမှပြန်အထွက်   မောင်ပန်းသီး က “အဘအတွက်  7 ELEVEN  က ဆေးလိပ်တဘူးဝယ်လာပြီး ကပ်ပါတယ်” တဲ့။ “ဗမာပြည်မှာလည်း ရွေးကောက်ပွဲတွေ အတွက်လုပ်နေချိန်မှာ ပြည်သူတွေလည်း ဘာအလုပ်မှ မလုပ်ရဲ မကိုင်ရဲ၊ ညဘက်တွေ လည်း မထွက်ရ၊ မထွက်ရဲ ဖြစ်နေချိန်မှာ … ထိုင်စားလို့ရအောင်လို့ အပြီးပေါက် ဂဏန်းသုံးလုံးလောက် မ,စ ပါ အဘိုး” တဲ့။
“ဟဲ .. ဟဲ .... .... ဟဲ ဟဲ ... .. ”
ဒီအချိန်မှာ ကျနော့်ဂွင် ဖြစ်သွားပြီလေ .....
“ဟင်း .. ဟင်း .. ဟင်း … မင်းတို့ 7 ELEVEN  ကို ဝင်လာပြီးတော့မှ ရွေးကောက်ပွဲအကြောင်းပြောတဲ့အတွက်   711  ကို ပတ်လည်ထိုး” လို့ ပြောလိုက်တာပေါ့။
 အဲ့ဒီတော့မှ ဒီကောင်တွေက .. “အား .. ဟုတ်သားပဲ  ဒို့ သူများတွေကို အဲဒီနံပါတ်ပေးပြီး၊ လိုက်ပြောပြီး နောက်ကြရအောင်” တဲ့။
ဇီးသီးက “ပေါက်ရင်တော့ အကြောင်း မဟုတ်ဘူး၊ မပေါက်ရင် အဆဲခံရမှာပေါ့ ” တဲ့။
ကျနော်က ချက်ချင်း ပြန်ပြောလိုက်တယ်။
“ပေါက်ချင် ပေါက် …
 မပေါက်ချင် ကွဲ
 အဲ့ဒါ (နှစ်ဆယ် တစ်ဆယ် ရွေးကောက်ပွဲ) …” ။       ။

26.10.10

Thee Brothers with Young Actresses performed 2010 Challenge Anyeint

သီးညီနောင်နဲ့ မျိုးဆက်သစ်လှပျိုဖြူတို့က ၂၀၁၀ ကို စိန်ခေါ်
မိုးမခအထောက်တောက် ချင်းမိုင်
အောက်တိုဘာ ၂၆၊ ၂၀၁၀
 
သီးညီနောင်နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)တို့ ပူးပေါင်းတင်ဆက်ခဲ့သည့် “၂၀၁၀ အနုပညာစိန်ခေါ်သံများ” ကပွဲကို ချင်းမိုင်မြို့တွင် အောင်မြင်စွာ တင်ဆက်ဖျော်ဖြေခဲ့ကြောင်း သိရှိရပါသည်။ မြန်မာမှုရုပ်သေးအစီစဉ်များနှင့်အတူ၊ သီးညီနောင်အဖွဲ့သားများ ဦးဆောင် ပါဝင် ကပြသည့် “၂၀၁၀ ကြွတ်ကြွတ်အိတ်သံသရာ” ပြဇာတ်သစ်ကိုလည်း တင်ဆက်ခဲ့သည်ကို တွေ့ရသည်။
ထူးထူးခြားခြားတင်ဆက်မှုအဖြစ် “၂၀၁၀ - မော်ဒန်အငြိမ့်ပွဲတော် အစီအစဉ်” ကို အမျိုးသမီး ဟာသလူရွှင်တော်များ ဖြစ်ကြသော  “ဆဲဆဲ ၊ ကဲကဲ ၊ ငဲငဲ ၊ ဘဲဘဲ” တို့၏ ရယ်စရာ ဟာသပြက်လုံးများနဲ့အတူ မျိုးဆက်သစ် မင်းသမီးချောလေး “သဲသဲ”၏ အကအလှများဖြင့် တင်ဆက်ရာ  ပရိသတ်များ အားပါးတရ အားပေးခဲ့ကြသည်။ အမျိုးသမီးလူရွှင်တော်လေးများရဲ့ ၂၀၁၀ရွေးကောက်ပွဲအား သရော်ထားသော ဟာသပြကွက်များမှာ ပရိသတ်များ အထူးနှစ်ခြိုက်သဘော ကျခဲ့ကြသည် ဟု ပရိသတ်တဦးက ပြောပြသည်။

၂၀၁၀-မော်ဒန်အငြိမ့်ပွဲတော် ဟာသပြက်လုံးများကို သီးညီနောင်အဖွဲ့သားများ ဖြစ်ကြသော ကြယ်သီး၊ ပန်းသီး၊ ဇီးသီး တို့က ရေးသားပေးခဲ့ကြပြီး၊ မင်းသမီးမြစပယ်ငုံက အကသင်ပေးခဲ့သည်ဟု သိရသည်။
သီးညီနောင်အမည်ဖြင့် ရပ်တည်နေသော အနုပညာအဖွဲ၏ လက်ရှိအခြေအနေကို မေးမြန်းကြည့်ရာတွင် ၎င်းတို့၏ ဆရာဖြစ်သူ ကိုဇာဂနာ (ကိုသူရ) က ကိုယ့်အနုပညာတွေကို ၀ါသနာပါသည့် မျိုးဆက်သစ်များထံ တတ်နိုင်သမျှ ဖြန့်ဝေပေးရမည်ဟု မှာခဲ့ဖူးကြောင်း၊ အနည်းဆုံးတော့ ယခုကဲ့သို့ မိမိတို့ စုစည်းနိုင်သလောက်နှင့် ဝေမျှ လက်ဆင့်ကမ်းနိုင်အောက် ကြိုးစားနေကြောင်း၊ အငြိမ့်နဲ့ ပြဇာတ်တိုက်ချိန် ၂ ပတ် အတွင်း အခုလိုမျိုး အဆင်ပြေ အောင်မြင်သည့်အတွက် ကူညီပေးသူ မိတ်ဆွေများ အားလုံးကို ကျေးဇူးတင်ကြောင်း သီးညီနောင်က ပြောကြားလိုက်သည်။

21.10.10

Kye Thee (Thee Lay Thee) - Poem for my Father



အဖေတော်သည်
ကြယ်သီး (သီးလေးသီး)
အောက်တိုဘာ ၂၀၊ ၂၀၁၀
လူရွှင်တော် ကြယ်သီး (သီးလေးသီး) က သူ့ဖခင်ဆုံးပါးခဲ့သည့် နှစ်ပတ်လည်အတွက် အမှတ်တရ စကား နဲ့ ကဗျာ။  (အရင်ဆုံး ကိုကြယ်သီးရဲ့ စကားသံကို သည်နေရာက နားထောင်ပါ)။

အဖေ့သီလ၊ အကျင့် ၊သိက္ခာ၊ သမာဓိ
ဘာနဲ့ပဲ ကြည့်ကြည့်၊ တိမှတိ၊ ပိမှပိ၊ ထိမှထိ
မရှိ၊ မသိ လို့ ပြောနေပေမယ့်၊ ကြည့်ကြည့်နေတဲ့ မျက်လုံးက
ရတက်မဖုံး၊ တသက်လုံး
တန်ခိုးထွားထွားနဲ့ ရိုးသားနေတဲ့အဖေ။
မိမွေ၊ ဖမွေ ထိန်းဝေလို့ ဆိုပါက၊ အဖေ၏ အဟာရ
ကာလတွေ အတွက် တည်ခင်း၊ အဖေ့ ပုဂံပေါ်က ထမင်း .....
ဖိုးရွှေလမင်းကြီးထံမှတောင်းသော ဆုံ ဆီ ဆပ် ဆီ … မဟုတ်
လက်ညာ လက်ယာဖြင့် ငါးဖြာ အနန္တ အတွက် စားဦး ကိုချ
မြင့်မြတ်ဒါန
ဘ၀တခုလုံး ... ... ... ... သူကျင့်သုံးသည်
အဖေ့          ဆုံ... ဆီ ... ။
သားတို့ ညီ၊ ညီမ လက်ဝယ် “ခ” ဖို့
ပြည့်ဝန်းစန္ဒာ၊ ၀ိုင်းစက်စွာလို့
ရှင်းလင်းစွာကျွေး သမိုင်းရေးသည်
အဖေ့ “၀” လုံး
စ၊ လယ်၊ ဆုံး ပြီ ...
ပြောင်း တမလွန်  “၅၇”

၁၅ ရက် ၁၀ လ ၂၀၀၉ ခုနှစ်
ညနေ ၇ နာရီ ၄၅ မိနစ်

15.10.10

Kye Thee (Thee Lay Thee) - Jokes of Life 3

ကျနော်တို့ဘ၀ အမှတ်တရဟာသများ - ၃
ကြယ်သီး (သီးလေးသီး)
အောက်တိုဘာ ၁၅၊ ၂၀၁၀
(ဂျပန်ရဲ ပန်းသီးစားခြင်း)
ကြယ်သီး
ကျနော်တို့အဖွဲ့  ပြည်ပထွက်လာပြီး နောက်ပိုင်း ဟိုနိင်ငံ ဒီနိင်ငံတွေက ဖိတ်ခေါ်လို့ ပွဲတွေ လိုက် က ဖြစ်ခဲ့တယ်။ ခရီးတွေက များတော့ အဖြစ်အပျက်တွေကလည်း များတယ်ပေါ့။ အများပြည်သူကို ရယ်မောအောင် ဖျော်ဖြေပေးရတဲ့ ကျနော်တို့  ကိုယ်တိုင်တောင် ကံကြမ္မာရဲ့ အလွဲအချော်တွေကြောင့် အကြိမ်ကြိမ် ရယ်မောစရာတွေ ကြုံခဲ့ပါတယ်။
ကျနော်တို့ ကြုံခဲ့တဲ့အထဲက ရယ်စရာ ပြုံးစရာလေးတွေကို ပြန်ဖောက်သည်ချချင် ပါတယ်။
မှတ်မိသလို ရေးမှာဖြစ်လို့ အဖြစ်အပျက်လေးတွေက အချိန်ကာလအားဖြင့် အစီအစဉ်တကျ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဆိုလိုတာက ပထမဆုံး ခရီးအတွေ့အကြုံကို မရေးဖြစ်ဘဲ ဒုတိယမြောက် ခရီးက အတွေ့အကြုံမျိုး ဖြစ်နိင်တာကို ပြောတာပါ။
အခုရေးပြချင်တာက ဘာသာစကား အားနည်းလို့ ကြုံရတဲ့ အခက်အခဲပါ။ ဒါက ဂျပန်ခရီးစဉ်မှာ ဖြစ်ခဲ့တာပေါ့။ ကျနော်တို့အဖွဲ့ ဂျပန်မှာ က မလို့ သွားတော့ လာကြိုတဲ့သူက နောက်ကျနေတယ်။ “တာကနာနိုဘာဘာ”  ဆိုတဲ့ ရထားဘူတာရှေ့မှာ ကျနော်တို့ ယောင်လည်လည်နဲ့ပေါ့။ တော်တော်ကြာတော့ ဂျပန်ရဲတယောက် အနားရောက်လာတယ်။ ကျနော်တို့ကို ကြည့်ပြီး “လယ်သာ”ပိုက်ဆံအိတ်တလုံးပြပြီး ဂျပန်လို လှမ်းပြောတယ်။
ဘာပြောတာလဲ ဆိုတာ မသိတော့ ကျနော် ဇီးသီးနဲ့ ပန်းသီးတို့ပါ တယောက် မျက်နာ တယောက် လှမ်းကြည့်ကြတယ်။ မသိတော့ ဘာမှ ပြန်မဖြေဘူးပေါ့။ မသိချင်ယောင်ဆောင်ပြီး ဘူတာအတွင်းထဲဘက်ကို ဟိုငေး ဒီငေး လျှောက်ကြည့်နေလိုက်တယ်။ ဒါလည်း ရဲက ထပ်မေးတယ်။ ဒီတော့ မသိချင်ယောင်ဆောင်လို့ မရမှန်းသိတော့ တခုခုတော့ ပြန်ပြောမှ ဖြစ်မယ် ထင်တယ်လို့ တွေးမိကြတယ်။ ဒါနဲ့ ဂျပန်ရဲက ထပ်မေးတယ်။
ဒီတော့ ပန်းသီးက ပြန်ဖြေတယ်။ ပြန်ဖြေတာက မြန်မာလို
ပန်းသီး
ဂျပန်ရဲ ။ xxxxxx
ပန်းသီး ။ မဝယ်သေးပါဘူး သားရယ်။
ပန်းသီးဆီက အသံထွက်လာတော့ ရဲက ပန်းသီးကို ဦးတည်ပြီး ထပ်မေးပြန်တယ်။
သူကလည်း ဂျပန်လိုပဲ မေးတာ ဒီတော့ ပန်းသီးကလည်း မြန်မာလိုပဲ ဖြေတယ်။
ဘာမေးတယ် ဆိုတာ သိလို့ မဟုတ်ဘူး။ တခုခုဖြေရင် ပြီးတာပဲဆိုပြီး ဖြေတာ။ လူရွှင်တော် ဆိုတော့သိတဲ့အတိုင်း နောက်နောက်ရွှတ်ရွှတ်တွေပဲ ထွက်တာပေါ့။
ဂျပန်ရဲ ။ xxxxxx
ပန်းသီး ။ (လက်ခါပြပြီး) ပိုက်ဆံမပါဘူးသားရဲ့။ မဝယ်သေးဘူးနော်။
ဂျပန်ရဲ ။ xxxxxx
ပန်းသီး။ တခြားသွားရောင်းပါသားရယ်။ ဦးတို့ ပိုက်ဆံမပါဘူးကွ။
ကျနော်တို့မှာ ရဲနဲ့ ပန်းသီးကို ကြည့်ပြီး ရယ်နေရတော့တယ်။ ရဲကလည်း ခေါင်းကုတ်ပြီး ဆက်မေးတယ်။ သူလည်း စိတ်မလျော့ဘူးနဲ့ တူပါတယ်။ ပန်းသီးကလည်း မဝယ်ဘူးဘဲ ဇွတ်ငြင်းနေတော့တာ။ အဲဒီအချိန်မှာ လာကြိုတဲ့အဖွဲ့  ရောက်လာတာနဲ့ အဆင်ပြေသွားတော့တယ်။
သူတို့နဲ့ ရဲ ဆက်ပြောမှ အဆင်ပြေသွားတော့တာ။
ရဲမေးတာက ကျနော်တို့ရပ်နေတာ နဲနဲကြာလို့ ပတ်စပို့ တောင်းကြည့်တာတဲ့လေ။
ပြီးတော့ သူ့ ပိုက်ဆံအိတ်လိုဟာကို ပြတယ် ဆိုတာက ရဲထောက်လှမ်းရေးကဒ်ကို ပြတာတဲ့ ဆိုပြီး၊ လာကြိုတဲ့သူ ရှင်းပြတော့ ပန်းသီးက လေလုံးမလျော့ဘူး ။ ဒီလို ပြောသေးတယ်။
“အဲဒါများ စောစောက ပြောပါလား သားရယ်။ မဝယ်နိုင်လို့ မျက်နာပူလိုက်ရတာ” .. တဲ့လေ။

6.10.10

Kye Thee (Thee Lay Thee) - Jokes of Life 2

ကျနော်တို့ဘ၀ အမှတ်တရဟာသများ - ၂
ကြယ်သီး (သီးလေးသီး)
အောက်တိုဘာ ၆၊ ၂၀၁၀
ကြယ်သီး
ဒီတခါတော့ ပန်းသီး အကြောင်း ပြောရအုံးမယ်။ ဒီကောင် လူတတ်ကြီး လုပ်လို့ ခံလိုက်ရတဲ့ အကြောင်းပါ။ တခါတော့ ကျနော်ရယ် ပန်းသီး နဲ့ ဇီးသီး တို့ ဘန်ကောက်ကို သွားရင်း လမ်းမှာ ထမင်းဆိုင် တဆိုင်တွေ့တယ်။ လမ်းဘေးဆိုင်ပါပဲ။ ကိုယ်ကြိုက်တဲ့ ဟင်းကို ထိုင်းလို( အနိ) အနိ ဆိုတာက မြန်မာလို ”ဒါ” ပေါ့ - “this  one …”  ပေါ့ ဆိုပြီး လက်ညိုးထိုးပြီး ဝယ်ရတာမျိုး။
ထမင်းစားချိန်ဆိုတော့ လူက နဲနဲ များတယ်။ တန်းစီ စနစ်နဲ့ ဝယ်ရတာ။ ဒါကို ပန်းသီးက သူ အရင်ရချင်တာနဲ့ ရှေ့ကို တက်သွားပြီး ဟင်း တချို့ကို လက်ညိုးထိုးပြတယ်။ ပါးစပ်ကလည်း ပြောတယ်။ သူတတ်တာက တလုံးပဲ ရှိတာ။ (အနိ) ပေါ့။  ဟင်းတမျိုး လက်ညိုးထိုးပြလိုက်၊ သူတတ်တဲ့ ထိုင်း စကားလုံး တလုံးကို  (အနိ) ... (အနိ) လို့ ပြောလိုက်နဲ့။ သူ ဟင်းရွေးလို့ ပြီးတော့ ၅၀ တန် တရွက် ထုတ်ပေးလိုက်တယ်။ သူထင်တာက ဟင်းလည်း ရွေးပြီးပြီ ငွေလည်း ရှင်းပြီးပြီ ဆိုရင် သူအရင်ရမယ် ထင်တာလေ။ ဒါပေမယ့် ဆိုင်ရှင်က သူ့ကို ဟင်းမထည့်ပေးဘူး။ လူက ရှုတ်နေတာဆိုတော့ ပေးတဲ့ ငွေကိုတော့ ယူထားလိုက်တယ်။ အရင်ရောက်နေတဲ့ မိန်းမကြီးကို ဟင်းထည့်ပေးပြီး  သူ အရှေ့ က အဲ့ ဒီ မိန်းမကြီးငွေ ၂၀ ပြန်အမ်းလိုက်တယ်။ တကယ်က ပန်းသီး ပေးထားတဲ့ ၅၀ တန်ကို မှားအမ်းလိုက်တာ။ ဒါကို ပန်းသီးက မြင်ပေမယ့် ဘယ်လိုပြောရမလဲ မသိတာရယ် မိန်းမကြီး ကိုယ်တိုင် ပိုက်ဆံပေးထားလို့ ပြန်အမ်းတာ ထင်တာကြောင့် ကြည့်နေလိုက်ရတယ်။
နောက်တော့ ပန်းသီး အလှည့်ရောက်တယ်။ ပန်းသီးလည်း သူစားချင်တဲ့ ဟင်းတွေ တစ်ခါ လက်ညိုးထိုးပြရတယ်။ (အနိ) ..  အနိ ပေါ့  သူတတ်တဲ့ (အနိ) ထိုင်းစကား တလုံးလည်း ပြောရင်းပေါ့။ ဟင်းထည့်လို့ ပြီးတော့ ဆိုင်ရှင်က လက်ဖြန့်တယ်။ သဘောက ကျသင့်ငွေ တောင်းတာ။ ဒီတော့ ပန်းသီးက (အနိ).. အနိ.. သူ ပေးပြီးပြီ ဆိုတာကို ရှင်းပြတယ်။ ထိုင်းလို (အနိ) အနိ .. ဆိုပြီး ထပ်ရှင်းပြတာပေါ့။
သူရှင်းပြတာက ထွက်သွားတဲ့ မိန်းမကြီးကို လက်ညိုးထိုးပြပြီး (.အနိ..) အဲဒီ တလုံးပဲ အနိ ချင်း ခြေချင်းလိမ်နေတယ်။ ပြောပြနေတာကလဲ ( အနိ )။ ဒီစကားတလုံးနဲ့ပဲ တနိင်ငံလုံး လှည့်လို့ရတယ် ထင်နေပုံပဲ။ ဆိုင်ရှင်ကလည်း နားမလည်တော့ လက်ပဲ ဖြန့်ပြ တယ်။ ဒီတော့ ပန်းသီးလည်း မတတ်နိင်တော့ဘူး။ နောက်ထပ် ၅၀ ထုတ်ပေးလိုက်ရတယ်။ ပြန်အမ်းတဲ့ ငွေ ၂၀ ကိုယူပြီး ပန်းသီး  ထိုင်းငွေ ဘတ် ၃၀တန် ထမင်းကို ဘတ် ၈၀ ပေးခဲ့ ရပြီး မျက်နာက မကြည်မသာ ဖြစ်နေတော့တယ်။
ထမင်းစားရင်းနဲ့ ကျနော်က နောက်လိုက်တယ်။
“မင်း ဒီလောက် (အနိ) ကျမ်း ကျေပြီး  ရေရေလည်လည် ရှင်းပြတာတောင် အဆင်မပြေခဲ့ဘူး နော်။ မိုက်ချက် ( အနိ ) ကမ်းကုန်ပဲ။”
လို့ ပြောတော့ ဒီကောင် စိတ်တိုတိုနဲ့ ဆဲ ပါလေရော။
ကျနော်တို့ကတော့ ဒီကောင့်ကြည့်ပြီး ရယ်ရင်းမောရင်း ထမင်းစားလို့ ပြီးသွားတော့တယ်။ သူများ လူတတ်ကြီး လုပ်တာကို ဖော်ကောင်လုပ်ထားသော ကျနော် လူတတ်ကြီးလုပ်လို့ လွဲခဲ့တဲ့ အကြောင်းလေးလည်း (အနိ) ကိုကျော်လွန်ကာ ရေးပါအုံးမယ်။
ကြယ်သီး (သီးလေးသီး အဖွဲ့)
မှတ်ချက် -  ကျနော်တို့ ဖြတ်သန်းလာသော အနုပညာဘ၀မှ ကြားဖူးနားဝ ကိုယ်တိုင်လည်း ကြုံရသည့် ကမောက်ကမ ဟာသများဖြစ်ပါသည်။ သီးညီနောင် ဘလောက်မှာလည်း တပြိုင်နက်တည်း ပူးတွဲ တင်ဆက်သွားပါမည်။

29.9.10

Pann Thee (Thee Lay Thee) - Jokes of Life - 1



ပန်းသီး 
ကျနော်တို့ဘ၀ အမှတ်တရဟာသများ - ၁
ပန်းသီး (သီးလေးသီး)
စက်တင်ဘာ ၂၉၊ ၂၀၁၀
ကျနော်တို့ နှင့် မှတ်သားစရာများ ကျန်အောင် ပြောတတ်သော ၀န်ကြီးကျော်ရဲအောင်
ကျနော်တို့ဟာ ထိုအချိန်က ယဉ်ကျေးမှုတွင် ၀န်ထမ်းတာဝန် ထမ်းဆောင်နေသော အချိန်ကာလဖြစ်ပါတယ် ။ ယဉ်ကျေးမှုဝန်ကြီးမှာ အောင်ရဲကျော်ဖြစ်ပြီး ကျနော်တို့တွေက ၀န်ကြီးကျော်ရဲအောင်လို့ပဲ မှတ်ထားလိုက်ကြပါတယ် ။
တနေ့ ဝန်ကြီးလာကြည့်မယ် ဆိုပြီး နေ့လည် ၂ နာရီလောက်ကတည်းက မိတ်ကပ်တွေလူး မင်းသားအ၀တ်စားတွေဝတ်ပြီး အသင့်စောင့်နေကြပါတယ် ။ ညနေ ၅ နာရီ ထိုးတော့လဲ ၀န်ကြီးကျော်ရဲအောင် ပေါ်မလာ၊ ၆ နာရီ ထိုးတော့လဲ ရောက်မလာသဖြင့် ကျနော်တို့တွေမှာ ဗိုက်ဆာလွန်းသဖြင့် တဂြီဂြီ … တဂွမ်ဂွမ် ဖြစ်နေကြ ပါတော့တယ် ။ မိတ်ကပ်တွေနဲ့ အ၀တ်အစားတွေနဲ့ ဆိုတော့ အပြင်သွာလို့ မရ ၀န်ကြီးမြန်မြန်လာဖို ပဲ ဗိုက်ဆာဆာနဲ့ ဆုတောင်းနေမိကြတယ်လေ ။
ဒိလိုနဲ့ ည  ၈ နာရီလောက်မှာပဲ ၀န်ကြီးကျော်ရဲအောင် ရောက်လာပါတော့တယ် ။ ဗိုက်ဆာဆာနဲ့ ၀န်ကြီးကို စိတ်ထဲမှာ မေတ္တာပို့ပြီး ကပြခဲ့ကြပါတယ် ။ ပွဲပြီးတော့  ၉း၃၀ လောက်ရှိပြီ။ ပွဲအပြီ်းဝန်ကြီး ပြန်ခါနီး ကျနော်တို့ကို မေးလိုက်ပါတယ်။
ဝန်ကြီးကျော်ရဲအောင်က
“သားတို့ သမီးတို့ စားပြီး ကြပြီလား” တဲ့
ဗိုက်ကလဲ သံစုံတီးဝိုင်းတွေဖြစ်ပြီ ဆိုတော့
“ဘာမှ မစားရသေးပါဘူး အဘ …” လို့ပဲ အားလုံး ညီညီညာ ဖြေလိုက်ကြတယ် ။
ထိုအခါ ၀န်ကြီးကျော်ရဲအောင်က …
“အဘကတော့ စားပြီးပြီ။ “
ဟု ပြောပြီး ပြန်သွားလေတော့သတည်း။
ကျနော်တို့အားလုံး စိတ်ထဲမှာတော့  သဘင်သမားမပြန်ခင် မှတ်သားစရာကျန်အောင် လုပ်နိုင်တဲ့ ၀န်ကြီးကျော်ရဲအောင် ပါလား ဟု တွေးနေမိပါတယ် ။
မှတ်ချက် -  ကျနော်တို့ ဖြတ်သန်းလာသော အနုပညာဘ၀မှ ကြားဖူးနားဝ ကိုယ်တိုင်လည်း ကြုံရသည့် ကမောက်ကမ ဟာသများဖြစ်ပါသည်။ သီးညီနောင် ဘလောက်မှာလည်း တပြိုင်နက်တည်း ပူးတွဲ တင်ဆက်သွားပါမည်။

14.9.10

သီးညီနောင်ရဲ့ ဘလောက် - ကဗျာလွတ်မိတ်ဆက် အပိုင်း ၁

သီးညီနောင်ရဲ့ ဘလောက် - ကဗျာလွတ်မိတ်ဆက် အပိုင်း ၁
မိုးမခ
စက်တင်ဘာ ၃၊ ၂၀၁၀
ယခင်လက သီးညီနောင်လှုပ်ရှားမှုအဖြစ် ဗိုလ်ချုပ်မွေးနေ့ ဂုဏ်ပြုအငြိမ့် ဒီဗီဒီ ဖြန့်ချိလိုက်ပါတယ်။ နောက်ထပ် အနုပညာလှုပ်ရှားမှုတွေ ဆက်လက်ချီတက်သွားမယ်လို့ သီးညီနောင်အဖွဲ့သားများဖြစ်တဲ့ ပန်းသီး၊ ကြယ်သီး၊ ဇီးသီးနဲ့ မီးသီး (မြစပယ်ငုံ) တို့က ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။
ယခု ဒီလဆန်းမှာ သီးညီနောင်ရဲ့ သီးညီနောင် အင်တာနက်စတေရှင် (ဘလော့ဂ်) ကနေ မြန်မာ့ယဉ်ကျေးမှု ဖော်ထုတ်ထိန်းသိမ်းရာ အစီအစဉ်လေးတခုအဖြစ် မြန်မာ့အက ကဗျာလွတ်မိတ်ဆက် ရုပ်သံကလေးတွေ တင်ဆက်ထားတာ တွေ့ရပါတယ်။ မြန်မာပြည်တွင်းက ကဗျာလွတ်ရုပ်သံခွေလေးထဲက အဆင်သင့်လေ့ကျင့်စရာ အပိုင်းကို ကောက်နုတ် ဖော်ပြထားတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ သူတို့ကိုယ်တိုင် အစီအစဉ်လေးတွေ ဆက်လက် စီစဉ်ဖြစ်ဦးမယ်လို့ မျှော်လင့်လျက် ရှိပါကြောင်း။

20.8.10

သီးညီနောင်


ယနေ့ ရောက်လာမိတ်သင်္ဂဟာချမ်းသာကိုယ်စိတ်မြဲပါစေ

ကျနော်များသီးညီနောင်များကကြိုဆိုလိုက်ပါတယ်ဗျာ-